Thursday, January 6, 2022

အကျိုးပေးမြန်သော စျေးရောင်းကောင်းသည့် လိုရာပြည့်ဝ သဗ္ဗဇယ ဓနသိဒ္ဓိ ဒိဝါတပတိဂါထာတော်

 

အကျိုးပေးမြန်သော စျေးရောင်းကောင်းသည့်

လိုရာပြည့်ဝ သဗ္ဗဇယ ဓနသိဒ္ဓိ ဒိဝါတပတိဂါထာတော်

နေဝင် နေထွက် လဝင် လထွက် အချိန်များတွင် သက်စေ့ ရွတ်ဆိုပူဇော်ပါ။

သဗ္ဗဇယမင်္ဂလာဂါထာတော်

ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာဘာတိ စန္ဒိမာ။

သန္နဒေ္ဓါ ခတ္တိယော တပတိ ၊ စျာယီ တပတိ ဗြဟ္မဏော။

အထ သဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇသမ္ပန္နံ ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။

ဧတေနသစ္စဝဇ္ဇေန ၊ သောတ္ထိ တေ/မေ ဟောတု သဗ္ဗဒါ။

အာဒိစ္စော - ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းလင်းပဝင်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌၊ တပတိ - လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။ စန္ဒိမာ - စန်းငွေယုန်ခ သော်တာလသည်၊ ရတ္တိံ - ညအခါ၌၊ အာဘာတိ - နှစ်သက်စဖွယ် တင့်တယ်ပါပေ၏။ သန္နဒေ္ဓါ - ချပ်ဝတ် တန်ဆာ ကိုယ်မှာစုံလင် ဆင်ယင်ထားသော၊ ခတ္တိယော - လူတို့သနင်း ပြည့်ရှင်မင်းသည်၊ တပတိ - ကြီးမြင့်ခန့်ထယ် တင့်တယ်ပါပေ၏။ စျာယီ - ဘက်စုံကောင်းမြတ် စျာန်သမာပတ်ကို မပြတ်ထင်ရှား ဝင်စားလျက်ရှိသော၊ ဗြဟ္မဏော - ကိလေသာကို ပယ်သတ်ပြီးသော အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည် စျာန်မဂ်နှစ်သွယ် စွယ်စုံခြယ်၍ တင့်တယ်ပါပေ၏။ အထ - နေ၊ လ၊ ဘုရင်၊ ရှင်ရဟန္တာ ထိုလေးဖြာ တင့်တယ်တောက်ပမှုထက်၊ ဗုဒ္ဓေါ - သစ္စာလေးဆင့် ခိုင်လုံရင့်ကာ ပွင့်လာ ခေါင်ဖျား အောင်တော်မှု မြတ်စွာဘုရားသည်၊ သဗ္ဗမဟောရတ္တိံ  - အလုံးစုံသော နေ့ရော ညပါ အခါ ပတ်လုံး၊ တေဇသာ - ကြီးကဲစိုးရ တန်ခိုးတော် အနန္တဖြင့်၊ တပတိ - အံ့ချီးလောက်ဖွယ် လောကလယ်၌ တင့်တယ်တော်မှုပါပေ၏။ တာဒိသံ တေဇသမ္ပန္နံ - ထိုသို့ ရှုအပ် တန်ခိုးမြတ်နှင့် သပ်ယပ်ကုန်လုံ ပြည့်စုံတော်မူသော၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ အဟံ - တပည့်တော်သည်၊ အာဒရံ - ရိုသေစွာ၊ ဝန္ဒာမိ - ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါတို့ အခါခပ်သိမ်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်သည် အခါခပ်သိမ်း ကျန်းမာပါစေ ချမ်းသာပါစေ။

 

ရှေးဆရာများက ဒိဝါတပတိဂါထာကို မကြာမကြာ ရွတ်ကြဖို့ တိုက်တွန်းခဲ့ကြသည်။

ဒိဝါတပတိဂါထာကို အဓိဋ္ဌာန်ဖြင့် အကြိမ် (၁၀၀၀) တစ်ထောင် ရွတ်နိုင်ပါက ပို၍ ကောင်းသည်။ အဓိဋ္ဌာန်အောင်ပါက...

၁။ ဘေးအန္တရာယ် ကင်းမည်။

၂။ လူချစ်လူခင် ပေါများမည်။

၃။ လာဘ်လာဘ ရွှင်မည်။

၄။ လုပ်ငန်းများ တိုးတက်မည်။

၅။ မိတ်ဆွေကောင်းများ တွေ့ရမည်။

ဒိဝါတပတိဂါထာ ရွတ်ဖတ်ခြင်း၏ အကျိုးအာနိသင်တို့ကို သိရသောအခါ လူအများ ပိုပြီး စိတ်ဝင်စားသွား၏။

နေဝင် နေထွက် လဝင် လထွက်အချိန်တွေမှ သဗ္ဗဇယမင်္ဂလာဂါထာတော်အား သက်စေ့ ရွတ်ဆိုပူဇော်ပါက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေကြသော လုပ်ငန်းများ အဆင်ပြေခြင်း၊ အထူးသဖြင့် စျေးရောင်းကောင်းခြင်း၊ ကံပွင့် လာဘ်ပွင့်စေခြင်း၊ မြတ်စွာဘုရားရှင်၏ နှုတ်တော်မှ ဟောကြားခဲ့သော ဂါထာတော်ဖြစ်သောကြောင့် လူနတ်ဗြဟ္မာသတ္တဝါတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရခြင်းစသည့် ကောင်းကျိုးများကို ရရှိစေနိုင်သောကြောင့် နံနက်တိုင်း၊ ညတိုင်း ဖွင့်၍ နာယူပူဇော်နိုင်စေရန် ဓမ္မလက်ဆောင်မှ ဝေမျှလိုက်ရပါသည်။

 

ရောင်းဝယ်ဖောက်ကား လုပ်ငန်းများ တိုးပွားအောင်မြင်ရှိပါစေ

ခရီးသွားသူ များဗိုလ်လူ ကြည်ဖြူအေးမြချမ်းသာစေ

ဂါထာတန်ခိုးစွမ်းအားတိုး အကျိုးနိဗ္ဗာန်တိုင်စေသော် ...။

ဒိဝါတပတိဂါထာပေါ်ပေါက်လာပုံ

မြတ်စွာဘုရားနှင့် အရှင်အာနန္ဒာ

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ သီတင်းသုံးနေစဉ် ကောသလမင်းကြီးသည် ပရိသတ်အခြံအရံများ နှင့်တကွ ဘုရားထံသို့ ရောက်ရှိလာလေ၏။ အချိန်ကား သီတင်းကျွတ်လပြည့်နေ့ ဖြစ်၏။ မင်းကြီးရောက်လာချိန်၌ အရှင်ကာဠုဒါယီ, အရှင်အာနန္ဒာ စသော ရဟန်းတော်များသည် ဘုရားနားတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြ၏။ အရှင်ကာဠုဒါယီကတော့ မျက်လွှာလေး ချကာ စျာန်ဝင်စားနေ၏။ စျာန်ဝင်စားသည်ဆိုသည်မှာ သမာဓိပြဋ္ဌာန်းသော စျာန်စိတ်များ ဖြစ်နေခြင်းတည်း။ သမာဓိကြောင့် မလှုပ်မယှက် ငြိမ်သက်နေ၏။ ထို့ကြောင့် အရှင်ကာဠုဒါယီ၏ အသားအရေသည် ရွှေအဆင်းကဲ့သို့ တောက်ပနေ၏။ ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လမင်းကလည်း ထွက်နေ၏။ နေမင်းကလည်း ဝင်လုဆဲဆဲ ဖြစ်နေ၏။

အရှင်အာနန္ဒာသည် အမှတ်မထင် ကောင်းကင်ကို မော့ကြည်လိုက်၏။ နေရောင်နှင့် လရောင် အပြိုင် တောက်ပနေသည်ကို မြင်သွားလေသည်။ " အော် အလွန်လှပါလား" ဆိုပြီး စိတ်ထဲမှာ ကြည်နူးသွား၏။

ထို့နောက် ပရိသတ်ကို အကဲခတ်လိုက်၏။ ခန်းနားကြီးကျယ်သော ကောသလမင်းကြီး၏ ပုံရိပ်ကိုလည်း မြင်သွားလေသည်။ ထိုမြင်ကွင်းကြောင့် " မင်းကြီးကလည်း အလွန် တင့်တယ်တာပဲ" ဟု ဖြစ်သွားလေ သည်။

ထိုအချိန်မှာပဲ ပရိသတ်အစွန်အဖျား၌ စျာန်ဝင်စားနေသော အရှင်ကာဠုဒါယီမထေရ်ကို မြင်သွားလေ သည်။ ထိုအခါမှာတော့ " အရှင်ကာဠုဒါယီက ပိုပြီး တင့်တယ်နေပါလား" ဟု ဖြစ်သွားလေ၏။

အရှင်အာနန္ဒာ လျှောက်ပြီ

ထို့နောက် အရှင်အာနန္ဒာသည် ဘုရားမြတ်စွာကို ဖူးမျှော်လိုက်၏။ ထိုအခါမှာ ပိုပြီး ကြည်နူးသွားတော့ သည်။ " အော် နောင်တော်ဘုရားက အတိုင်းအထက်အလွန် တင့်တယ်နေပါလား၊ ဘယ်အချိန် ကြည့်ကြည့် ရှုမငြီးဘူး၊ တင့်တယ်မှုအားလုံးထဲမှာ နောင်တော်ဘုရားရဲ့ တင့်တယ်မှုက အသာလွန်ဆုံးပဲ" ဟု ကောက်ချက် ချလိုက်လေသည်။

အရှင်အာနန္ဒာသည် စိတ်ထဲဖြစ်ပေါ်လာသည့် အတွေးလေးကို မြတ်စွာဘုရားအား လျှောက်ထား လိုက်၏။ အရှင်အာနန္ဒာ၏ လျှောက်ထားမှုကြောင့် မြတ်စွာဘုရားက " ဒိဝါတပတိဂါထာ" လေးကို မိန့်ကြားတော်မူလိုက်လေသည်။

ဒိဝါ တပတိ အာဒိစ္စော၊

ရတ္တိမာဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊

စျာယီ တပတိ ဗြာဟ္မဏော။

အထသဗ္ဗ မဟောရတ္တိံ၊

ဗုဒ္ဓေါ တပတိ တေဇသာ။

နေမင်းသည် နေ့အခါ၌သာ တင့်တယ်တောက်ပ၏။

လမင်းသည် ညအခါ၌သာ တင့်တယ်တောက်ပ၏။

ရှင်ဘုရင်သည် မင်းမြောက်တန်ဆာ ဆင်ထားမှသာ တင့်တယ် တောက်ပ၏။

ရဟန္တာ အရှင်မြတ်သည် စျာန်ဝင်စားမှသာ တင့်တယ်တောက်ပ၏။

မြတ်စွာဘုရားသည် နေ့ရော ညပါ အချိန်တိုင်း တင့်တယ်တောက်ပလေ၏။

----------------------

"ဒိဝါတပတိ" ဂါထာသည် "တင့်တယ်မှုအားလုံးထဲမှာ မြတ်စွာဘုရား၏ တင့်တယ်မှုသည် အသာလွန်ဆုံး ဖြစ်၏" ဟု မြတ်စွာဘုရား၏ ဂုဏ်တော်ကို ချီးကျူးထားခြင်း ဖြစ်သည်။ထို့ကြောင့် "ဒိဝါတပတိ" ဆိုသည်မှာ အမွှမ်းတင်ဂါထာ ဖြစ်သည်။

အမွှမ်းတင်ဂါထာ ဖြစ်သောကြောင့် "ဒိဝါတပတိ" ဂါထာကို ရွတ်လျှင် ဘုရားဂုဏ်တော်ကို ပွားများပြီး သား ဖြစ်သွားလေတော့၏။ များများရွတ်လေ များများပွားဖြစ်လေ၊ များများကုသိုလ် ရလေပင်ဖြစ် သည်။

ဂုဏ်တော်ပွားများသောသူသည် စိတ်က စင်ကြယ်နေရကား အကုသိုလ် မလုပ်ဖြစ်တော့။ အကုသိုလ် မလုပ်ဖြစ်သည့်အတွက် နိမ့်နေသော ကံသည် မြင့်သွား၏။ မြင့်နေသောကံသည်လည်း မြင့်သထက် မြင့်သွားလေ၏။ ကံမြင့်နေလျှင် လုပ်သမျှ အလုပ် အဆင်ပြေလာတော့၏။ ဤသည်ကိုပင် " လာဘ်ရွှင်သည်" ဟု ပြောကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဒိဝါတပတိဂါထာကို ရွတ်ဘတ်သည့်အခါ ဘုရားဂုဏ်တော်များကို အာရုံပြု၍ ရွတ်ဖတ်ရမည် ဖြစ်ပေသည်။

 

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

သတ္တဝါအပေါင်း ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။

အကျိုးပေးမြန်သော စျေးရောင်းကောင်းသည့် လိုရာပြည့်ဝ သဗ္ဗဇယ ဓနသိဒ္ဓိ ဒိဝါတပတိဂါထာတော်

  အကျိုးပေးမြန်သော စျေးရောင်းကောင်းသည့် လိုရာပြည့်ဝ သဗ္ဗဇယ ဓနသိဒ္ဓိ ဒိဝါတပတိဂါထာတော် နေဝင် နေထွက် လဝင် လထွက် အချိန်များတွင် သက်စေ့ ရွတ...